Loading surah...
Back to Burmese Quran
28 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ قُلْ أُوحِىَ إِلَىَّ أَنَّهُ ٱسْتَمَعَ نَفَرٌۭ مِّنَ ٱلْجِنِّ فَقَالُوٓا۟ إِنَّا سَمِعْنَا قُرْءَانًا عَجَبًۭا
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ငါ့ထံဝယ် ဤသို့ "ဝဟ်ယ်" အမိန့်တော် ထုတ်ပြန်ခြင်း ခံခဲ့ရလေသည်။ ဧကန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာခဲ့ကြလေ၏။ ထို့နောက် ၎င်းတို့သည် (မိမိတို့ ဂျင်န် အမျိုးသားတို့ထံ ပြန်သွားခဲ့ရာ ဤသို့)ပြောကြားခဲ့ ကြလေ၏။ (အချင်းတို့၊) ဧကန်မလွဲ ကျွန်ုပ်တို့သည် အံ့ဩဖွယ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ကြားနာခဲ့ကြရ၏။
يَهْدِىٓ إِلَى ٱلرُّشْدِ فَـَٔامَنَّا بِهِۦ ۖ وَلَن نُّشْرِكَ بِرَبِّنَآ أَحَدًۭا
ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မှန်သော တရားလမ်းကို ညွှန်ပြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို သက်ဝင်ယုံကြည်ခဲ့ကြလေပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကြမည် မဟုတ်ပြီ။
وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةًۭ وَلَا وَلَدًۭا
ထို့ပြင် ဧကန်မုချ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဂုဏ်ကျက်သရေသည် မြင့်မြတ်လှ၏။ ထိုအရှင်မြတ်သည် မည်သူတစ်ယောက်ကိုမျှ ကြင်ရာကြင်ဖက်အဖြစ် ရွေးကောက် တင်မြှောက်တော်မူခဲ့သည်လည်း မရှိပေ။ သားသမီးအဖြစ် ပြုလုပ်တော်မူခဲ့သည်လည်း မရှိချေ။
وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطًۭا
၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့အနက် အသိဉာဏ်ခေါင်းပါးသူတို့သည် ၎င်းအရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမတရားသော စကားများကို ပြောဆိုလေ့ရှိခဲ့ကြ၏။
وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلْإِنسُ وَٱلْجِنُّ عَلَى ٱللَّهِ كَذِبًۭا
၎င်းပြင် ဧကန်စင်စစ် ကျွန်ုပ်တို့မှာမူကား လူသားတို့သည်လည်းကောင်း၊ ဂျင်န်တို့သည်လည်းကောင်း၊ ၎င်းအရှင်မြတ်နှင့်ပတ်သက်၍ အလျှင်း မုသားစကားကို ပြောဆိုကြမည်မဟုတ်ဟု ထင်မှတ်နေခဲ့ကြကုန်၏။
وَأَنَّهُۥ كَانَ رِجَالٌۭ مِّنَ ٱلْإِنسِ يَعُوذُونَ بِرِجَالٍۢ مِّنَ ٱلْجِنِّ فَزَادُوهُمْ رَهَقًۭا
ထို့ပြင် အမှန်စင်စစ် လူသားအချို့တို့သည် ဂျင်န်အချို့တို့၏ထံတွင် ခိုလှုံလေ့ရှိခဲ့ကြပေရာ ထိုလူသားတို့သည် ၎င်းဂျင်န်များ၏ပုန်ကန်မှုကို ပိုကဲ စေခဲ့ကြကုန်၏။
وَأَنَّهُمْ ظَنُّوا۟ كَمَا ظَنَنتُمْ أَن لَّن يَبْعَثَ ٱللَّهُ أَحَدًۭا
ထိုမှတစ်ပါး ဧကန်မလွဲ ထိုဂျင်န်များမှာ အသင်တို့ ထင်မြင်ယူဆကြသကဲ့သို့ပင် ၎င်းအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်ပြန်ထစေတော်မူမည်မဟုတ်၊ (စေလွှတ်တော်မူမည် မဟုတ်)ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြကုန်သတည်း၊
وَأَنَّا لَمَسْنَا ٱلسَّمَآءَ فَوَجَدْنَٰهَا مُلِئَتْ حَرَسًۭا شَدِيدًۭا وَشُهُبًۭا
ထို့ပြင် ဧကန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြရာ ယင်းမိုးကောင်းကင်ကို ကျွန်ုပ်တို့သည် သန်စွမ်းသော အစောင့်အကြပ်တို့ဖြင့်လည်းကောင်း၊ မီးကျီမီးခဲတို့ဖြင့် ပြည့်နှက်စွာ တွေ့ရှိ ခဲ့ကြရကုန်၏။
وَأَنَّا كُنَّا نَقْعُدُ مِنْهَا مَقَٰعِدَ لِلسَّمْعِ ۖ فَمَن يَسْتَمِعِ ٱلْءَانَ يَجِدْ لَهُۥ شِهَابًۭا رَّصَدًۭا
၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းမိုးကောင်းကင်မှ (သတင်းများ)နားထောင်ရန် ထိုင်ရာနေရာများတွင် (သွား)ထိုင်လေ့ရှိခဲ့ကြကုန်၏။ ယခုသော် မည်သူမဆို(သွားရောက်)နားထောင်သည်ရှိသော် မီးကျီမီးခဲတစ်ခုကို မိမိအား အသင့် စောင့်လျက် (ကြိုနေသည်ကို) တွေ့ရှိရပေမည်။
وَأَنَّا لَا نَدْرِىٓ أَشَرٌّ أُرِيدَ بِمَن فِى ٱلْأَرْضِ أَمْ أَرَادَ بِهِمْ رَبُّهُمْ رَشَدًۭا
သို့ရာတွင် ကမ္ဘာသူကမ္ဘာသားတို့နှင့် ပတ်သက်၍ အဆိုးကို ရည်စူးထားပြီး ဖြစ်လေသလော၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ရရှိရေးကို ရည်စူးတော်မူပါသလော။ (ဤသည်ကို) ကျွန်ုပ်တို့သိရှိကြသည် မဟုတ်ပေတကား။
وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَ ۖ كُنَّا طَرَآئِقَ قِدَدًۭا
၎င်းပြင် ဧကန်အမှန် ကျွန်ုပ်တို့တွင် အချို့မှာ သူတော်ကောင်းများဖြစ်ကြ၏။ ကျွန်ုပ်တို့တွင် အချို့မှာ ထိုမှတစ်ပါးသောသူများ ဖြစ်ကြကုန်၏။ (စင်စစ်သော်ကား)ကျွန်ုပ်တို့သည် ဂိုဏ်းဂဏအမျိုးမျိုး ဖြစ်ခဲ့ကြကုန်၏။
وَأَنَّا ظَنَنَّآ أَن لَّن نُّعْجِزَ ٱللَّهَ فِى ٱلْأَرْضِ وَلَن نُّعْجِزَهُۥ هَرَبًۭا
သို့ရာတွင် စင်စစ်ဧကန် ကျွန်ုပ်တို့သည် ၎င်းအရှင်မြတ်အား ပထဝီမြေပေါ်၌လည်း မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ် ကြောင်းကိုလည်းကောင်း၊ (ပထဝီမြေမှ)ထွက်ပြေး တိမ်းရှောင်ခြင်းအားဖြင့်လည်း ထိုအရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် အလျှင်းပြုလုပ်နိုင်ကြမည် မဟုတ်ကြောင်းကိုလည်းကောင်း၊ သိရှိပြီးဖြစ်ခဲ့ကြလေပြီ။
وَأَنَّا لَمَّا سَمِعْنَا ٱلْهُدَىٰٓ ءَامَنَّا بِهِۦ ۖ فَمَن يُؤْمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخْسًۭا وَلَا رَهَقًۭا
ထို့ပြင် ဧကန်ဆတ်ဆတ် ကျွန်ုပ်တို့သည် တရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို ကြားနာကြရသောအခါ ကျွန်ုပ်တို့သည် ယင်းတရားလမ်းညွှန်(တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်)ကို သက်ဝင်ယုံ ကြည်လာခဲ့ကြသည်။ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ပါလျှင် ထိုသူသည် မည်သည့် လျော့နည်းစေမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။ မည်သည့် အဓမ္မမှုကိုမျှလည်း စိုးရိမ်ရမည် မဟုတ်ပေ။
وَأَنَّا مِنَّا ٱلْمُسْلِمُونَ وَمِنَّا ٱلْقَٰسِطُونَ ۖ فَمَنْ أَسْلَمَ فَأُو۟لَٰٓئِكَ تَحَرَّوْا۟ رَشَدًۭا
ထိုမှတစ်ပါး ဧကန်မလွဲ ကျွန်ုပ်တို့တွင် အချို့မှာ မွတ်စ်လင်မ်(အမိန့်တော်ကို လိုက်နာသူ)များ ဖြစ်ကြကုန်၏။ ထိုနည်းတူစွာ ကျွန်ုပ်တို့တွင် အချို့မှာ မတရားသောသူများ ဖြစ်ကြကုန်၏။ စင်စစ် "အစ္စလာမ်" သာသနာတော်ကို လက်ခံသောသူတို့သည် လမ်းမှန်ကို ရှာဖွေ ရရှိခဲ့ကြသောသူများပင် ဖြစ်ကြကုန်၏။
وَأَمَّا ٱلْقَٰسِطُونَ فَكَانُوا۟ لِجَهَنَّمَ حَطَبًۭا
သို့ရာတွင် မတရားသော သူတို့မှာကား ‘ဂျဟန္နမ်’ငရဲ၏ လောင်စာများပင် ဖြစ်ကြကုန်၏။
وَأَلَّوِ ٱسْتَقَٰمُوا۟ عَلَى ٱلطَّرِيقَةِ لَأَسْقَيْنَٰهُم مَّآءً غَدَقًۭا
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့သည်(တရား)လမ်း(မှန်)ပေါ်၌ တည်ကြည်ဖြောင့်မတ် ကြံ့ခိုင်စွာတည်တံ့ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား လှိုင်လှိုင်ရှိသော (ဖောဖောသီသီရှိသော)ရေကို တိုက်ကျွေးတော်မူမည်ဖြစ်၏။
لِّنَفْتِنَهُمْ فِيهِ ۚ وَمَن يُعْرِضْ عَن ذِكْرِ رَبِّهِۦ يَسْلُكْهُ عَذَابًۭا صَعَدًۭا
ငါအရှင်မြတ်သည် ၎င်းတို့အား ထိုရေနှင့် စပ်လျဉ်း၍ စမ်းသပ်တော်မူအံ့သောငှာ စင်စစ်သော်ကား မည်သူမဆို မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မျက်နှာလွှဲသည်ရှိသော် ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်သို့ ဝင်ရောက်စေတော်မူအံ့သတည်း။
وَأَنَّ ٱلْمَسَٰجِدَ لِلَّهِ فَلَا تَدْعُوا۟ مَعَ ٱللَّهِ أَحَدًۭا
ထိုမှတစ်ပါး (ငါ့ထံသို့ အမိန့်တော်ထုတ်ပြန် ခြင်းခံခဲ့ရလေ၏)။ ဧကန်မလွဲ ‘မတ်စ်ဂျစ်ဒ်’ပျပ်ဝပ် ဦးချရာနေရာများသည် ၎င်းအရှင်မြတ်နှင့်သာ သက်ဆိုင်ကြ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းအရှင်မြတ်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။
وَأَنَّهُۥ لَمَّا قَامَ عَبْدُ ٱللَّهِ يَدْعُوهُ كَادُوا۟ يَكُونُونَ عَلَيْهِ لِبَدًۭا
ထို့ပြင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်(မုဟမ္မဒ်)သည် ထိုအရှင်မြတ်အား ဝတ်ပြုရန် (ထ၍)ရပ်သောအခါ ၎င်းတို့သည် ထိုကျွန်တော် (မုဟမ္မဒ်)အပေါ်ဝယ် ဝိုင်းအုံကြအံ့ဆဲဆဲ ဖြစ်ခဲ့ကြကုန်၏။
قُلْ إِنَّمَآ أَدْعُوا۟ رَبِّى وَلَآ أُشْرِكُ بِهِۦٓ أَحَدًۭا
(အို-နဗီတမန်တော်) အသင်ပြောကြားပါလေ။(အချင်းတို့) ငါသည် မိမိအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်၏။ စင်စစ် ငါသည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှပင် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းမပြုပေ။
Page 1 of 2 (28 ayahs)