Loading surah...
Back to Burmese Quran
111 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓر ۚ تِلْكَ ءَايَٰتُ ٱلْكِتَٰبِ ٱلْمُبِينِ
အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည်တို့ကားအလွန်ထင်ရှားသော ကျမ်းဂန်၏ စာပိုဒ်များပင် ဖြစ်ကြပေသတည်း။
إِنَّآ أَنزَلْنَٰهُ قُرْءَٰنًا عَرَبِيًّۭا لَّعَلَّكُمْ تَعْقِلُونَ
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။
نَحْنُ نَقُصُّ عَلَيْكَ أَحْسَنَ ٱلْقَصَصِ بِمَآ أَوْحَيْنَآ إِلَيْكَ هَٰذَا ٱلْقُرْءَانَ وَإِن كُنتَ مِن قَبْلِهِۦ لَمِنَ ٱلْغَٰفِلِينَ
ငါအရှင်မြတ်သည် အသင့်ထံ ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခြင်းအားဖြင့် ငါအရှင်မြတ်သည် အသင်၏ရှေ့ဝယ် အကောင်းဆုံးသော အကြောင်းအတ္ထုပ္ပတ္တိတစ်ခုကို ပြန်၍ပြောကြားတော်မူလေသည်။ စင်စစ်သော်ကား အသင်သည် ထိုကုရ်အာန်မကျရောက်မီ အလျင်က(ဤအကြောင်းအတ္ထုပ္ပတ္တိကို)အလျင်း မသိသူတစ်ဦးပင် ဖြစ်ခဲ့ပေသတည်း။
إِذْ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّى رَأَيْتُ أَحَدَ عَشَرَ كَوْكَبًۭا وَٱلشَّمْسَ وَٱلْقَمَرَ رَأَيْتُهُمْ لِى سَٰجِدِينَ
(ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။
قَالَ يَٰبُنَىَّ لَا تَقْصُصْ رُءْيَاكَ عَلَىٰٓ إِخْوَتِكَ فَيَكِيدُوا۟ لَكَ كَيْدًا ۖ إِنَّ ٱلشَّيْطَٰنَ لِلْإِنسَٰنِ عَدُوٌّۭ مُّبِينٌۭ
(ထိုအခါ ခမည်းတော် နဗီတမန်တော်ယအ်ကူဗ်က ဤသို့)ပြန်ကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည်မိမိအိပ်မက်ကို မိမိညီနောင်များရှေ့တွင် ပြော၍မပြလေနှင့်။သို့ပြောပြခဲ့ပါလျှင် ၎င်းတို့သည် အသင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြပေလိမ့်မည်။ ဧကန်မလွဲရှိုင်တွာန်မိစ္ဆာ ကောင်သည်ကား လူတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأْوِيلِ ٱلْأَحَادِيثِ وَيُتِمُّ نِعْمَتَهُۥ عَلَيْكَ وَعَلَىٰٓ ءَالِ يَعْقُوبَ كَمَآ أَتَمَّهَا عَلَىٰٓ أَبَوَيْكَ مِن قَبْلُ إِبْرَٰهِيمَ وَإِسْحَٰقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌۭ
၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
۞ لَّقَدْ كَانَ فِى يُوسُفَ وَإِخْوَتِهِۦٓ ءَايَٰتٌۭ لِّلسَّآئِلِينَ
ဧကန်မလွဲ (နဗီတမန်တော်)ယူဆွဖ်နှင့် ထို (နဗီတမန်တော်)ယူဆွဖ်၏နောင်တော်တို့(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်(အမှန်တရားနှင့် ဉာဏ်ပညာကိုလိုလား၍ ရှာဖွေစူးစမ်း)မေးမြန်းသူတို့အဖို့(များစွာသော) သက်သေလက္ခဏာရပ်များရှိချေသတည်း။
إِذْ قَالُوا۟ لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰٓ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِى ضَلَٰلٍۢ مُّبِينٍ
တစ်ရံရောအခါ ထိုနောင်တော်များက ငါတို့သည် (အားအင်တောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်ယူဆွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင်ပိုမို၍ ချစ်ခင်ယုယခြင်း ခံနေကြရသည်။ ဧကန်မုချ ငါတို့၏ခမည်းတော်သည် ထင်ရှားစွာသော အထင်အရှား လွဲမှားနေချေပြီဟု အချင်းချင်း ပြောဆိုကြလေသည်။
ٱقْتُلُوا۟ يُوسُفَ أَوِ ٱطْرَحُوهُ أَرْضًۭا يَخْلُ لَكُمْ وَجْهُ أَبِيكُمْ وَتَكُونُوا۟ مِنۢ بَعْدِهِۦ قَوْمًۭا صَٰلِحِينَ
(၎င်းတို့အနက် တစ်ဦးက ဤသို့ပြောဆို အကြံပေးခဲ့လေသည်။) အသင်တို့သည် ယူဆွဖ်အားသတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့ (သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကိုဝန်ချတောင်းပန်ကာ) ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။(လိမ့်မည်။)
قَالَ قَآئِلٌۭ مِّنْهُمْ لَا تَقْتُلُوا۟ يُوسُفَ وَأَلْقُوهُ فِى غَيَٰبَتِ ٱلْجُبِّ يَلْتَقِطْهُ بَعْضُ ٱلسَّيَّارَةِ إِن كُنتُمْ فَٰعِلِينَ
၎င်းတို့အနက် ပြောဆိုသူတစ်ဦးက (ဤသို့)ပြောဆိုပြန်၏။ (အချင်းတို့) အသင်တို့သည် ယူဆွဖ်အား မသတ်ကြပါလေနှင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (တစ်စုံတစ်ရာကိုမုချ) ပြုလုပ်ကြတော့မည့်သူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းအား ရေတွင်း၏ စောက်နက်ထဲသို့ ပစ်ချကြလေကုန်။၎င်းအား ခရီးသည်စုအနက်မှ တစ်ဦးဦးသည် (ထိုရေတွင်းထဲမှ)ဆယ်ယူသွားပေလိမ့်မည် ဖြစ်သတည်း။
قَالُوا۟ يَٰٓأَبَانَا مَا لَكَ لَا تَأْمَ۫نَّا عَلَىٰ يُوسُفَ وَإِنَّا لَهُۥ لَنَٰصِحُونَ
(ထို့နောက်) ၎င်းတို့သည်(ဖခမည်းတော်ထံသွားရောက်ပြီး ဤသို့)ပြောဆိုလျှောက်ထားကြကုန်၏။ အို-ကျွန်ုပ်တို့၏ဖခမည်းတော်၊ ခမည်းတော်သည် ယူဆွဖ်နှင့် ပတ်သက်၍ကျွန်ုပ်တို့အပေါ်၌ အဘယ်ကြောင့် စိတ်မချပါသနည်း။ စင်စစ်သော်ကား ကျွန်ုပ်တို့သည် ၎င်းနှင့်ပတ်သက်၍ ကောင်းကျိုးကိုသာ လိုလားသူများဖြစ်ကြပါသည်။
أَرْسِلْهُ مَعَنَا غَدًۭا يَرْتَعْ وَيَلْعَبْ وَإِنَّا لَهُۥ لَحَٰفِظُونَ
(သို့ပါ၍) ခမည်းတော်သည် ယင်းယူဆွဖ်အားနက်ဖြန်နံနက် ကျွန်ုပ်တို့နှင့်အတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ကစားနိုင်ရန်အလို့ငှာလွှတ်ပါ။ ကျွန်ုပ်တို့သည် ဧကန်အမှန်၎င်းအား (ဘေးရန်ခပ်သိမ်းတို့မှ ကာကွယ်)စောင့်ရှောက်မည့်သူများပင် ဖြစ်ကြပါသည်။
قَالَ إِنِّى لَيَحْزُنُنِىٓ أَن تَذْهَبُوا۟ بِهِۦ وَأَخَافُ أَن يَأْكُلَهُ ٱلذِّئْبُ وَأَنتُمْ عَنْهُ غَٰفِلُونَ
(ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။
قَالُوا۟ لَئِنْ أَكَلَهُ ٱلذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّآ إِذًۭا لَّخَٰسِرُونَ
(ထိုအခါ နောင်တော်များက ဤသို့)လျှောက်ထားခဲ့ကြပြန်၏။ (အို-ဖခမည်းတော်) အမှန်စင်စစ် ကျွန်ုပ်တို့သည် ရင်းနှီးပွန်းတီး အားအင်တောင့်တင်း သောအုပ်စုတစ်စုပင်ဖြစ်ကြပါလျက် အကယ်၍ ထိုယူဆွဖ်အား ဝံပုလွေကိုက်စားခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးပါးသူများသာဖြစ်ကြပါလိမ့်မည်။
فَلَمَّا ذَهَبُوا۟ بِهِۦ وَأَجْمَعُوٓا۟ أَن يَجْعَلُوهُ فِى غَيَٰبَتِ ٱلْجُبِّ ۚ وَأَوْحَيْنَآ إِلَيْهِ لَتُنَبِّئَنَّهُم بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။
وَجَآءُوٓ أَبَاهُمْ عِشَآءًۭ يَبْكُونَ
ထို့နောက် ယင်းနောင်တော်များသည် ၎င်းတို့၏ဖခမည်းတော်ထံသို့ ညမှောင်ခါစအချိန်တွင် ငိုကြွေးလျက်(ပြန်)လာခဲ့ကြလေသည်။
قَالُوا۟ يَٰٓأَبَانَآ إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِندَ مَتَٰعِنَا فَأَكَلَهُ ٱلذِّئْبُ ۖ وَمَآ أَنتَ بِمُؤْمِنٍۢ لَّنَا وَلَوْ كُنَّا صَٰدِقِينَ
(ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။
وَجَآءُو عَلَىٰ قَمِيصِهِۦ بِدَمٍۢ كَذِبٍۢ ۚ قَالَ بَلْ سَوَّلَتْ لَكُمْ أَنفُسُكُمْ أَمْرًۭا ۖ فَصَبْرٌۭ جَمِيلٌۭ ۖ وَٱللَّهُ ٱلْمُسْتَعَانُ عَلَىٰ مَا تَصِفُونَ
ထို့ပြင် ၎င်းတို့သည် ယင်းယူစုဖ်၏အကျႌတွင်မဟုတ်မမှန်သောသွေးများကို(လိမ်းကျံ၍)ယူလာခဲ့ကြလေသည်။(ထိုအခါ ဖခမည်းတော်က ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။(အို-ချစ်သားတို့) ထိုသို့အလျဉ်းမဟုတ် စင်စစ်မှာကား သင်တို့၏စိတ်နှလုံးသည် အသင်တို့အဖို့ အကြောင်းတစ်ခုကိုပရိယာယ်ဆင်ပေးခဲ့ခြင်းသာဖြစ်ပေသည်။ သို့ဖြစ်ပေရာ(ငါ၏အဖို့မှာ) သည်းခံခြင်းသည်သာ ကောင်းမြတ်ပေတော့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အထံတော်၌သာလျှင် အသင်တို့လုပ်ကြံပြောပြကြသော အကြောင်းနှင့်စပ်လျဉ်း၍ ကူညီစောင်မတော်မူရန် တိုးလျှိုးတောင်းပန်အသနားခံပြီး ဖြစ်ချေသတည်း။(တစ်နည်း) အလ္လာဟ်အရှင်မြတ်သည်ပင် ကူညီတော်မူသည်ဖြစ်ပါစေသတည်း။
وَجَآءَتْ سَيَّارَةٌۭ فَأَرْسَلُوا۟ وَارِدَهُمْ فَأَدْلَىٰ دَلْوَهُۥ ۖ قَالَ يَٰبُشْرَىٰ هَٰذَا غُلَٰمٌۭ ۚ وَأَسَرُّوهُ بِضَٰعَةًۭ ۚ وَٱللَّهُ عَلِيمٌۢ بِمَا يَعْمَلُونَ
ထို့နောက် ခရီးသည်တစ်စုသည် (ထိုရေ တွင်းရှိရာသို့) ရောက်ရှိလာခဲ့လေသည်။ တစ်ဖန် ထိုခရီးသည်တစ်စုသည် မိမိတို့၏ရေငင်သူအား (ထိုရေတွင်းမှရေငင်ရန် စေလွှတ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုရေငင်သူသည် (ရေတွင်း၌)မိမိရေပုံးကိုချခဲ့လေသည်။ (ထို့နောက်ယူစုဖ်ကို မြင်လေသော်)ထိုရေငင်သူက (ခရီးသည်တစ်စုအား ဤသို့ ဝမ်းသာအားရစွာဟစ်အော်၍) အို-(အချင်းတို့) ဤသည် တွင် (အလွန်ချောလှသော)လုလင်ပျိုတစ်ဦး (တွေ့ရှိရပေရာ) အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်တကားဟု ပြောဆိုခဲ့လေသည်။ ထို့နောက်ယင်းခရီး သည်တစ်စုသည် ထိုယူဆွဖ်အား ရောင်းကုန်ဝယ်ကုန်အဖြစ် လျှို့ဝှက်စွာထားရှိခဲ့ကြလေသည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ပြုမူလျက်ရှိသည်တို့ကိုကောင်းမွန်စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူခဲ့ပေသတည်း။
وَشَرَوْهُ بِثَمَنٍۭ بَخْسٍۢ دَرَٰهِمَ مَعْدُودَةٍۢ وَكَانُوا۟ فِيهِ مِنَ ٱلزَّٰهِدِينَ
ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
Page 1 of 6 (111 ayahs)