Loading surah...
Back to Burmese Quran
110 Ayahs • Meccan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ ٱلْحَمْدُ لِلَّهِ ٱلَّذِىٓ أَنزَلَ عَلَىٰ عَبْدِهِ ٱلْكِتَٰبَ وَلَمْ يَجْعَل لَّهُۥ عِوَجَا ۜ
ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာသက်ဆိုင်၏။ ထိုအရှင်မြတ်သည် မိမိကျွန်(မုဟမ္မဒ်)၏အပေါ်ဝယ် ကျမ်းတော်မြတ်(ကုရ်အာန်)ကို ချပေးသနားတော်မူခဲ့၏။ ၎င်းပြင်ထိုအရှင်မြတ်သည် ယင်း(ကုရ်အာန်)ကျမ်းတော်၌ မည်သည့်(ဝေ့ဝိုက်)ကွေ့ကောက်မှုကိုမျှထားရှိတော်မမူခဲ့ချေ။
قَيِّمًۭا لِّيُنذِرَ بَأْسًۭا شَدِيدًۭا مِّن لَّدُنْهُ وَيُبَشِّرَ ٱلْمُؤْمِنِينَ ٱلَّذِينَ يَعْمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمْ أَجْرًا حَسَنًۭا
အမှန်မှာ ထိုကျမ်းဂန်ကို ဖြောင့်မတ်စွာပြုစုထားတော်မူခဲ့ပေသည်။ ထိုအရှင်မြတ်အထံတော်မှ (ကျရောက်အံ့သော)ပြင်းထန်လှသောပြစ်ဒဏ်မှ သတိပေးအံ့သောငှာလည်းကောင်း၊ ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား ယင်းတို့အဖို့ အလွန်မွန်မြတ်လှစွာသော အကျိုးဆုလာဘ်ရှိသည်ဟုသတင်းကောင်း ပေးအံ့သောငှာလည်းကောင်း။
مَّٰكِثِينَ فِيهِ أَبَدًۭا
(၎င်းတို့သည်) ယင်း(ဂျန္နတ် သုခဘုံတည်းဟူသော)အကျိုးဆုလာဘ်၌ အမြဲထာဝစဉ် နေထိုင်လျက်ရှိကြပေမည်။
وَيُنذِرَ ٱلَّذِينَ قَالُوا۟ ٱتَّخَذَ ٱللَّهُ وَلَدًۭا
အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးမွေးစားတော်မူခဲ့သည်ဟု ပြောဆိုကြကုန်သောသူတို့အား သတိပေးနှိုးဆော်အံ့သောငှာလည်းကောင်း။
مَّا لَهُم بِهِۦ مِنْ عِلْمٍۢ وَلَا لِءَابَآئِهِمْ ۚ كَبُرَتْ كَلِمَةًۭ تَخْرُجُ مِنْ أَفْوَٰهِهِمْ ۚ إِن يَقُولُونَ إِلَّا كَذِبًۭا
(စင်စစ်)ထိုသူတို့လည်းဤ(စွပ်စွဲချက်)နှင့်စပ်လျဉ်း၍မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိပေ။ ထိုနည်းတူစွာ ၎င်းတို့၏ အဖ၊ ဘိုး၊ ဘေးတို့၌လည်း (မည်သည့်အသိပညာ သက်သေသာဓက တစ်စုံတစ်ရာမျှပင်မရှိချေ။ ၎င်းတို့၏နှုတ်မှထွက်သောစကားသည်အလွန်ကြီးကျယ်လှပေသည်။၎င်းတို့သည် မဟုတ်မမှန်မုသား(စကား)ကိုသာ ပြောဆိုကြကုန်သတည်း။
فَلَعَلَّكَ بَٰخِعٌۭ نَّفْسَكَ عَلَىٰٓ ءَاثَٰرِهِمْ إِن لَّمْ يُؤْمِنُوا۟ بِهَٰذَا ٱلْحَدِيثِ أَسَفًا
သို့ဖြစ်ရာ(အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် ဤကျမ်းတော်ကို မယုံကြည်ခဲ့ကြပါလျှင် အသင်သည်(သေလုမတတ် ပူပန်သောကများနေဟန်တူသည်)။
إِنَّا جَعَلْنَا مَا عَلَى ٱلْأَرْضِ زِينَةًۭ لَّهَا لِنَبْلُوَهُمْ أَيُّهُمْ أَحْسَنُ عَمَلًۭا
ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အား ၎င်းတို့အနက် မည်သူသည်အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှါ၊ ပထဝီမြေပေါ်၌ရှိကုန်သော အရာဝတ္ထုများကို ငါအရှင် မြတ်သည် ယင်းပထဝီမြေ၏အလှများ ပြုလုပ်တော် မူခဲ့လေ၏။
وَإِنَّا لَجَٰعِلُونَ مَا عَلَيْهَا صَعِيدًۭا جُرُزًا
တစ်ဖန် ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်၌ ရှိရှိသမျှတို့ကို အမှန်ပင် သွေ့ခြောက်သောမြေပြင်အတိပြုလုပ်တော်မူမည့်အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
أَمْ حَسِبْتَ أَنَّ أَصْحَٰبَ ٱلْكَهْفِ وَٱلرَّقِيمِ كَانُوا۟ مِنْ ءَايَٰتِنَا عَجَبًا
ဧကန်စင်စစ် ဥမင်လိုဏ်ခေါင်းတွင် ခို(အောင်းခဲ့)သူတို့သည် ရေးသားထားသော သင်ပုန်းရှင်တို့နှင့် ရကီမ်မြို့သားတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာများအနက်ထူးဆန်းအံ့ဖွယ်ဖြစ်သည်ဟု အသင်ထင်မှတ်လေသလော့။
إِذْ أَوَى ٱلْفِتْيَةُ إِلَى ٱلْكَهْفِ فَقَالُوا۟ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحْمَةًۭ وَهَيِّئْ لَنَا مِنْ أَمْرِنَا رَشَدًۭا
(ပြန်လည် အောက်မေ့သတိရပါလေ)၊ အကြင်အခါ ဝယ် ထိုလူငယ်တို့သည် ဥမင်လိုဏ်ခေါင်းသို့ (သွားရောက်)ခိုအောင်းခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။
فَضَرَبْنَا عَلَىٰٓ ءَاذَانِهِمْ فِى ٱلْكَهْفِ سِنِينَ عَدَدًۭا
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့၏နားပေါ်၌ ဥမင်လိုဏ်ခေါင်းတွင် ရေတွက်ထားသော နှစ်ပေါင်းများစွာအထိ (တံဆိပ်)ရိုက်နှိပ် အဖုံးပိတ်ထားတော်မူခဲ့လေ၏။(ဝါ) (အိပ်ပျော်စေတော်မူခဲ့လေသည်။)
ثُمَّ بَعَثْنَٰهُمْ لِنَعْلَمَ أَىُّ ٱلْحِزْبَيْنِ أَحْصَىٰ لِمَا لَبِثُوٓا۟ أَمَدًۭا
ထိုနောက် ငါအရှင်မြတ်သည် ၎င်းတို့အား ထိုအုပ်စုနှစ်စုအနက် မည်သည့်အုပ်စုသည် ၎င်းတို့ နေထိုင်ခဲ့ကြသော (အချိန်ကာလ၏)အဆုံးအစွန်ကို ရေတွက်မှတ်သားခဲ့သည်ကို သိအံ့သောငှာ ပြန်နိုးစေတော်မူခဲ့ပေသတည်း။
نَّحْنُ نَقُصُّ عَلَيْكَ نَبَأَهُم بِٱلْحَقِّ ۚ إِنَّهُمْ فِتْيَةٌ ءَامَنُوا۟ بِرَبِّهِمْ وَزِدْنَٰهُمْ هُدًۭى
(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့၏အတ္ထုပတိ္တအကြောင်းကို မှန်ကန်စွာ ပြောပြတော်မူလေသည်။ ဧကန်အမှန် ၎င်းတို့သည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား သက်ဝင်ယုံကြည်ခဲ့ကြကုန်သောလုလင်အချို့ပင် ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့၌ တရားလမ်းမှန်ရရှိမှုကို တိုးပွားများပြားစေတော်မူခဲ့ပေသည်။
وَرَبَطْنَا عَلَىٰ قُلُوبِهِمْ إِذْ قَامُوا۟ فَقَالُوا۟ رَبُّنَا رَبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ لَن نَّدْعُوَا۟ مِن دُونِهِۦٓ إِلَٰهًۭا ۖ لَّقَدْ قُلْنَآ إِذًۭا شَطَطًا
ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့ဘုရင်၏ရှေ့ဝယ် သို့မဟုတ် လူများ၏ရှေ့ဝယ်) မားမားမတ်မတ် ရပ်တည်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးကိုကြံ့ခိုင်စေတော်မူခဲ့လေသည်။ ထိုအခါ ၎င်းတို့သည် (ဤသို့)ပြောကြားခဲ့ကြလေသည်။ ကျွန်ုပ်တို့၏အရှင်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင်ပင် ဖြစ်တော်မူပေသည်။ (သို့ဖြစ်ရာ)ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှကိုးကွယ်ရာအဖြစ် အလျှင်း ဟစ်ခေါ်(တသကိုးကွယ်ဆည်းကပ်)ကြမည်မဟုတ်ကြောင်း၊ ထိုသို့(ပြုခဲ့ကြသည်)ဖြစ်လျှင် ဧကန်မလွဲကျွန်ုပ်တို့သည် အလွန့်အလွန် လွန်ကဲသောအမှုကိစ္စကို၊ အမှန်တရားနှင့် အလွန်ဝေးကွာ ကမ်းလှမ်းသောစကားကို၊ ပြောဆို(ကျူးလွန်)သူများ ပင် ဖြစ်သွားကြမည်ဖြစ်ကြောင်း။
هَٰٓؤُلَآءِ قَوْمُنَا ٱتَّخَذُوا۟ مِن دُونِهِۦٓ ءَالِهَةًۭ ۖ لَّوْلَا يَأْتُونَ عَلَيْهِم بِسُلْطَٰنٍۭ بَيِّنٍۢ ۖ فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًۭا
(ကျွန်ုပ်တို့၏)ဤအမျိုးသားတို့သည်ထိုအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာများ ပြုလုပ်ခဲ့ကြကုန်၏။ ၎င်းတို့သည် ယင်း(ကိုးကွယ်ရာ) တို့(ကိုခဝပ်ကိုးကွယ်ခြင်း)နှင့်ပတ်သက်၍ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုအဘယ်ကြောင့် ယူဆောင်(တင်ပြ)ခြင်းကို မပြုကြသနည်း။သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် မုသားကို လီဆယ်စွပ်စွဲသောသူထက် သာလွန်မတရားသောသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် မရှိပေတကား။
وَإِذِ ٱعْتَزَلْتُمُوهُمْ وَمَا يَعْبُدُونَ إِلَّا ٱللَّهَ فَأْوُۥٓا۟ إِلَى ٱلْكَهْفِ يَنشُرْ لَكُمْ رَبُّكُم مِّن رَّحْمَتِهِۦ وَيُهَيِّئْ لَكُم مِّنْ أَمْرِكُم مِّرْفَقًۭا
ထို့နောက် (ယင်းလုလင်တို့အနက် အချို့ကအချို့အား) အသင်တို့သည် ယင်း(အမျိုးသား)တို့ထံ မှလည်းကောင်း၊ အလ္လာဟ်အရှင်မှတစ်ပါး ထိုသူတို့ ကိုးကွယ်ဆည်းကပ်ကြကုန်သော ကိုးကွယ်ရာများထံ မှလည်းကောင်း၊ ခွဲခွာနောက်ဆုတ်ခဲ့ကြပြီးဖြစ်ပေရာ အသင်တို့သည် (ထို)ဥမင်လိုဏ်ခေါင်းသို့(သွားရောက်)ခိုလှုံကြလေကုန်။ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်သည် မိမိကရုဏာတော်ကို အသင်တို့အပေါ်ဝယ် ဖြန့်၍ပေးသနားတော်မူပေမည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏အရေးကိစ္စကိုအထူး အကျိုးကျေးဇူးရှိစေရန် စီမံ၍ ပေးတော် မူမည် ဖြစ်သည်။
۞ وَتَرَى ٱلشَّمْسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهْفِهِمْ ذَاتَ ٱلْيَمِينِ وَإِذَا غَرَبَت تَّقْرِضُهُمْ ذَاتَ ٱلشِّمَالِ وَهُمْ فِى فَجْوَةٍۢ مِّنْهُ ۚ ذَٰلِكَ مِنْ ءَايَٰتِ ٱللَّهِ ۗ مَن يَهْدِ ٱللَّهُ فَهُوَ ٱلْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُۥ وَلِيًّۭا مُّرْشِدًۭا
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် နေထွက်သောအခါ ထိုနေသည် ထို(လုလင်)တို့၏လိုဏ်ဂူမှ လက်ယာဘက်သို့ ညွှတ်၍နေသည်ကိုလည်းကောင်း၊ တစ်ဖန်ထိုနေသည် (ပြန်)ဝင်သောအခါ လက်ဝဲဘက်သို့ (ကျော်ထွက်ကာ) ထိုသူတို့အား ရှောင်ကွင်း၍သွားသည်ကိုလည်းကောင်း၊တွေ့မြင်ရမည် ဖြစ်၏။ စင်စစ် ၎င်းတို့သည် ယင်းလိုဏ်ဂူတွင်ကျယ်ဝန်းသောနေရာ၌ပင် ရှိခဲ့ကြကုန်၏။ ဤသည်ကားအလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များအနက် လက္ခဏာတော်တစ်ရပ်ပင်ဖြစ်၏။ အလ္လာဟ်အရှင်မြတ် တရားလမ်းမှန်ကို ညွှန်ပြသောသူသည်သာလျှင် တရားလမ်းမှန်ကို ရရှိသူဖြစ်၏။ သို့ရာတွင် ထိုအရှင်မြတ်က လမ်းမှားစေတော်မူသောသူမှာမူကားထိုသူအား ကူညီရိုင်းပင်းမည်ဖြစ်သော၊ တရားလမ်းမှန်ညွှန်ပြသော အဆွေခင်ပွန်းဟူ၍ တစ်ဦးတစ်ယောက်မျှပင် အသင်အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေတကား။
وَتَحْسَبُهُمْ أَيْقَاظًۭا وَهُمْ رُقُودٌۭ ۚ وَنُقَلِّبُهُمْ ذَاتَ ٱلْيَمِينِ وَذَاتَ ٱلشِّمَالِ ۖ وَكَلْبُهُم بَٰسِطٌۭ ذِرَاعَيْهِ بِٱلْوَصِيدِ ۚ لَوِ ٱطَّلَعْتَ عَلَيْهِمْ لَوَلَّيْتَ مِنْهُمْ فِرَارًۭا وَلَمُلِئْتَ مِنْهُمْ رُعْبًۭا
ထို့ပြင်(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား (တွေ့မြင်ရပါလျှင်) နိုးနေကြသူများဟူ၍ပင် ထင်မှတ်ပေမည်။ စင်စစ် ၎င်းတို့သည် အိပ်ပျော်၍ နေကြသူများပင်ဖြစ်ကြကုန်၏။ ၎င်းပြင် ငါအရှင်မြတ်သည်ပင် ထိုသူတို့အား လက်ယာဘက်သို့လည်းကောင်း၊ လက်ဝဲဘက်သို့လည်းကောင်း၊ ပြောင်း၍ပေးတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့၏ခွေးသည် တံခါးဝ၌ မိမိလက်နှစ်ဖက်ကို ဖြန့်(ခင်း)လျက်ရှိခဲ့၏။ (အို-နဗီတမန်တော်)အကယ်၍သာ အသင်သည် ၎င်းတို့အား ချောင်းကြည့်ခဲ့ပါမူအမှန်ပင်အသင်သည် ၎င်းတို့ဘက်မှ ကျောခိုင်း၍ထွက်ပြေးသည့်ပြင် ၎င်းတို့အား ထိတ်လန့်မှုသည်လည်း အမှန်ပင်အသင်၌ ပြည့်လျှံ၍ သွားခဲ့မည်သာတည်း။
وَكَذَٰلِكَ بَعَثْنَٰهُمْ لِيَتَسَآءَلُوا۟ بَيْنَهُمْ ۚ قَالَ قَآئِلٌۭ مِّنْهُمْ كَمْ لَبِثْتُمْ ۖ قَالُوا۟ لَبِثْنَا يَوْمًا أَوْ بَعْضَ يَوْمٍۢ ۚ قَالُوا۟ رَبُّكُمْ أَعْلَمُ بِمَا لَبِثْتُمْ فَٱبْعَثُوٓا۟ أَحَدَكُم بِوَرِقِكُمْ هَٰذِهِۦٓ إِلَى ٱلْمَدِينَةِ فَلْيَنظُرْ أَيُّهَآ أَزْكَىٰ طَعَامًۭا فَلْيَأْتِكُم بِرِزْقٍۢ مِّنْهُ وَلْيَتَلَطَّفْ وَلَا يُشْعِرَنَّ بِكُمْ أَحَدًا
၎င်းပြင် ဤနည်းနှင်နှင် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြအံ့သောငှာ (ပြန်လည်၍) နိုးထစေတော်မူခဲ့၏။ (ထိုအခါ)၎င်းတို့အနက် ပြောဆိုသူတစ်ဦးက အသင်တို့သည် အဘယ်မျှလောက်(အချိန်ကာလတိုင်အောင် အိပ်ပျော်)နေခဲ့ကြသနည်းဟုပြောဆိုမေး မြန်းခဲ့ရာ ထိုသူတို့(အနက်အချို့)က ကျွန်ုပ်တို့သည်တစ်နေ့ သို့မဟုတ်နေ့၏တစ်စိတ်တစ်ဒေသမျှပင် အိပ်နေခဲ့ကြပါသည်ဟု ဖြေကြားခဲ့လေသည်။ (ထိုအခါ) ၎င်း(တို့အနက်အချို့သူ)တို့ကမူ (ဤသို့)ပြောဆိုခဲ့ကြလေသည်။ (စင်စစ်)အသင်တို့ အိပ်ပျော်နေခဲ့ကြသောအချိန်ကာလကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်သာလျှင်အသိဆုံးပင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည်(ယခု) မိမိတို့ အနက် တစ်ဦးဦးကို မိမိတို့၏ ဤငွေဒင်္ဂါးကိုပေး၍မြို့ထဲသို့ စေလွှတ်ကြလေကုန်။ သို့စေလွှတ်ခဲ့လျှင် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုပြီးနောက် ထိုသူသည် စားဖွယ်အချို့ကို အသင်တို့ထံ ယူဆောင်လာခဲ့ရမည်။ သို့ရာတွင် ထိုသူသည် (မြို့ထဲသို့သွားရာ၌ မြို့သူမြို့သားတို့သည် လုံးဝဒွိဟသံသယမဖြစ်ကြစေရန်) ပရိယာယ်ကျင့်သုံးရမည်။ ၎င်းပြင် ထိုသူသည် အသင်တို့နှင့် ပတ်သက်၍မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသိစေရ။
إِنَّهُمْ إِن يَظْهَرُوا۟ عَلَيْكُمْ يَرْجُمُوكُمْ أَوْ يُعِيدُوكُمْ فِى مِلَّتِهِمْ وَلَن تُفْلِحُوٓا۟ إِذًا أَبَدًۭا
အဘယ်ကြောင့်ဆိုသော် အကယ်၍ ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ သိသွားခဲ့ကြပါလျှင် ထိုသူတို့သည် အသင်တို့အား ခဲဖြင့်ပစ်ပေါက်၍ သတ်ခြင်းကိုသော်လည်းကောင်း၊ မိမိတို့၏ဘာသာ၊ သာသနာတွင်းသို့ ပြန်လည်သိမ်းသွင်းခြင်းကိုသော် လည်းကောင်း၊ ပြုလုပ်ကြမည်ဖြစ်သောကြောင့်ပင်၊ စင်စစ်သော်ကား (အကယ်၍သာ ထိုကဲ့သို့ ဖြစ်ခဲ့ရပါလျှင်) အသင်တို့သည် မည်သည့်အခါမျှပင် အောင်မြင်ကြမည်မဟုတ်ပေ။
Page 1 of 6 (110 ayahs)