Loading surah...
Back to Burmese Quran
286 Ayahs • Medinan
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ الٓمٓ
အလိဖ်လာမ်မီမ်
ذَٰلِكَ ٱلْكِتَٰبُ لَا رَيْبَ ۛ فِيهِ ۛ هُدًۭى لِّلْمُتَّقِينَ
ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော ကုရ်အာန်) ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။
ٱلَّذِينَ يُؤْمِنُونَ بِٱلْغَيْبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ
အကြင်သူတော်စင်များသည် (ကုရ်အာန် ကျမ်းလာ) အကွယ်၌ တည်ရှိသော အရာများကို အမှန်ဖြစ်သည် ရှိသည်ဟု (ခိုင်ခံ့မြဲမြံသော သဒ္ဓါတရားဖြင့်) ယုံကြည် ကြသည်။ (စည်းကမ်းသေဝပ်စွာ) ဆွလာတ် ဝတ်ပြုကြသည်။ ထို့ပြင် ထိုသတို့သားတို့အား ငါအရှင်ပေးသနားတော်မူထားသော ဥစ္စာပစ္စည်းများမှ ထိုသူတို့သည် (တရားတော်နှင့်အညီ) လှူဒါန်းကြသည်။
وَٱلَّذِينَ يُؤْمِنُونَ بِمَآ أُنزِلَ إِلَيْكَ وَمَآ أُنزِلَ مِن قَبْلِكَ وَبِٱلْءَاخِرَةِ هُمْ يُوقِنُونَ
ထို့ပြင် ထိုသူတော်စင်များသည် အသင့်ထံသို့ထုတ်ပြန် ပို့ချသော(ကုရ်အာန်)ကျမ်းမြတ်ကို လည်းကောင်း၊ အသင့်အလျင် ရှေးပဝေ သဏီက (ပွင့်လေပြီးသော နဗီတမန် တော်များထံသို့) ထုတ်ပြန် ပို့ချသောကျမ်းဂန်များကို လည်းကောင်း၊ ယုံကြည်ကြ၏။ ထို့ပြင် တဝ ထိုသူတော်စင်များသည် တမလွန်ဘဝကိုလည်း အမှန်ဟူ၍ သံသယကင်းစွာ ယုံကြည် ကြကုန်၏။
أُو۟لَٰٓئِكَ عَلَىٰ هُدًۭى مِّن رَّبِّهِمْ ۖ وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ
(ဖော်ပြပါ အင်္ဂါရပ်များနှင့်ပြည့်စုံသော) ထိုသူတော်စင်များသည် မိမိတို့၏ အရှင်သခင်၏ တရားလမ်းပေါ်၌ တည်ရှိကြကုန်၏။ ထိုသူတော်စင်များသည်သာလျှင် အောင်မြင်သူများ ဖြစ်ကြကုန်သတည်း။
إِنَّ ٱلَّذِينَ كَفَرُوا۟ سَوَآءٌ عَلَيْهِمْ ءَأَنذَرْتَهُمْ أَمْ لَمْ تُنذِرْهُمْ لَا يُؤْمِنُونَ
ဧကန်မုချ အသင်သည် သွေဖည်ငြင်းဆန် သောကာဖိရ်များအား (ထိတ်လန့်ဘွယ်ရာ အကြောင်းများကို) သတိပေး နှိုးဆော်သည်ဖြစ်စေ၊ မနှိုးဆော်သည်ဖြစ်စေ ထိုသူတို့အဖို့ အကြောင်းမထူး၊ ထိုသူတို့တမူကား ယုံကြည်ကြမည်မဟုတ်ပေ။
خَتَمَ ٱللَّهُ عَلَىٰ قُلُوبِهِمْ وَعَلَىٰ سَمْعِهِمْ ۖ وَعَلَىٰٓ أَبْصَٰرِهِمْ غِشَٰوَةٌۭ ۖ وَلَهُمْ عَذَابٌ عَظِيمٌۭ
အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများနှင့် သောတာရုံအပေါ်၌ တံဆိပ်ခတ်နှိပ်တော် မူလိုက်ပြီ၊။ ထို့ပြင် ထိုသူတို့၏စက္ခုအာရုံများ အပေါ်၌လည်း အကာအကွယ် ရှိနေလေသည်။ ထို့ နောက် ထိုသူတို့အဖို့ ကြီးလေးသော အပြစ်ဒဏ်သည်လည်း အသင့်ရှိချေပြီ။
وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ وَبِٱلْيَوْمِ ٱلْءَاخِرِ وَمَا هُم بِمُؤْمِنِينَ
လူသားများအနက် အချို့သော သူတို့သည်(ဥပါယ်တမျဉ်ဖြင့်) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ (ရှင်ပြန်ထရမည့်) နောက်ဆုံးနေ့ကို လည်းကောင်း၊ ယုံကြည်ကြပါ ၏ဟု ပြောဆိုကြ၏။ အမှန်သော်ကားထိုသူတို့သည် ယုံကြည် သော မုအ်မင် များမဟုတ်ကြပေ။
يُخَٰدِعُونَ ٱللَّهَ وَٱلَّذِينَ ءَامَنُوا۟ وَمَا يَخْدَعُونَ إِلَّآ أَنفُسَهُمْ وَمَا يَشْعُرُونَ
ထို(မုအ်မင်အသွင်ဆောင်သော) သူများသည်အလ္လာဟ် အရှင်မြတ်ကို လည်းကောင်း၊ (ယုံကြည်ခြင်း သဒ္ဓါတရား ရှိသော) မုအ်မင်များကို လည်းကောင်း၊ လိမ်လည် လှည့်ဖြားရန် ကြိုးစား အားထုတ်ကြ၏။ အမှန်သော်ကား ထိုသူများသည် (မည်သူ့ကိုမျှ) လိမ်လည် လှည့်ဖြားကြသည်မဟုတ်၊ မိမိတို့ကိုယ် ကိုသာလျှင် မိမိတို့ လိမ်လည်လှည့်ဖြားကြ၏။ သို့သော် ထိုသူများသည် (ဤသည်ကိုပင်) သိမြင်နားလည်ကြသည် မဟုတ်ချေ။
فِى قُلُوبِهِم مَّرَضٌۭ فَزَادَهُمُ ٱللَّهُ مَرَضًۭا ۖ وَلَهُمْ عَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْذِبُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စိတ်နှလုံးများ၌ (မနာလိုဝန်တို ဣဿာ၊ မစ္ဆရိယ ) တည်းဟူသော ရောဂါဝေနာသည် စွဲကပ် လျက်ရှိ၏။ သို့ဖြစ်လေရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ရောဂါကို တိုးပွားစေတော်မူ၏။ ထိုမှတပါးတုံ ထိုသူများအဖို့ (ဆင်းရဲကြီးစွာ ခံစားရန်) ပြင်းပြနာကျင်ဘွယ်ကောင်းသော အပြစ်ဒဏ်ကိုလည်း အသင့်ထားရှိတော် မူလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် (မယုံကြည်ဘဲလျက် ကျွန်ုပ်တို့ယုံကြည်ကြပါ၏ ဟု) မဟုတ်မလျား မုသား ပြောဆိုလေ့ ရှိခြင်းကြောင့်တည်း။
وَإِذَا قِيلَ لَهُمْ لَا تُفْسِدُوا۟ فِى ٱلْأَرْضِ قَالُوٓا۟ إِنَّمَا نَحْنُ مُصْلِحُونَ
ထို(မုစ်လင်(မ်)အသွင်ဆောင်သော) သူများအား အချင်းတို့၊ အသင်တို့သည် ကမ္ဘာ မြေပြင်ပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း အမှုကိစ္စ များကို မပြုလုပ်ကြလင့်ဟု ဩဝါဒစကား ပြောကြား သောအခါ ထိုသူများက ကျွန်ုပ်တို့သည် (အေးချမ်း သာယာအောင်) ပြုလုပ်သူများသာ ဖြစ်ကြပါသည်ဟု တုံ့ပြန် ဖြေဆိုကြလေသည်။
أَلَآ إِنَّهُمْ هُمُ ٱلْمُفْسِدُونَ وَلَٰكِن لَّا يَشْعُرُونَ
(အိုကြားနာသူအပေါင်းတို့) သတိပြုကြကုန်လော့။ ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသာလျှင်၊ (ကမ္ဘာမြေပြင်၌) ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် (မိမိတို့ ပြုကျင့်လျက်ရှိသော မကောင်းမှုများကိုပင် မကောင်းမှုဟူ၍) မသိနားမလည်ကြချေ။
وَإِذَا قِيلَ لَهُمْ ءَامِنُوا۟ كَمَآ ءَامَنَ ٱلنَّاسُ قَالُوٓا۟ أَنُؤْمِنُ كَمَآ ءَامَنَ ٱلسُّفَهَآءُ ۗ أَلَآ إِنَّهُمْ هُمُ ٱلسُّفَهَآءُ وَلَٰكِن لَّا يَعْلَمُونَ
ထို မုစ်လင်(မ်) အသွင်ဆောင်သောသူများအား (အချင်းတို့) အခြား (မုအ်မင် များသည် စေတနာဖြူစင်စွာဖြင့်) သဒ္ဓါတရား ထားကြသကဲ့သို့ အသင်တို့သည်လည်းယုံကြည်ခြင်း သဒ္ဓါတရားထား ရှိကြပါကုန်ဟု ပြောကြားသည့်အခါ၌ ထိုသူတို့က အကျွန်ုပ်တို့သည်လည်း (အသိအလိမ္မာဉာဏ်ပညာ ကင်းမဲ့သော) လူ့ဗာလများ ထားရှိသော ယုံကြည်မှုသဒ္ဓါတရားမျိုး ထားကြရမည်လောဟု ပြန်လည် ပြောဆိုကြ၏။(အို-ကြားနာသူ အပေါင်းတို့) သတိပြုကြကုန်၊ ထိုမုစ်လင်(မ်) အသွင်ဆောင်သူများသာလျှင် မသိမိုက်မဲသော လူ့ဗာလများ ဖြစ်ကြ၏၊ သို့ရာတွင် ထိုသူတို့သည် (မိမိတို့ မိုက်မဲကြောင်းကိုပင်) မသိကြချေ။
وَإِذَا لَقُوا۟ ٱلَّذِينَ ءَامَنُوا۟ قَالُوٓا۟ ءَامَنَّا وَإِذَا خَلَوْا۟ إِلَىٰ شَيَٰطِينِهِمْ قَالُوٓا۟ إِنَّا مَعَكُمْ إِنَّمَا نَحْنُ مُسْتَهْزِءُونَ
မုစ်လင်(မ်) အသွင်ဆောင်သောသူများ သည်မုစ်လင်(မ်) များနှင့် တွေ့ဆုံကြသည့်အခါ ဥပါယ်တံမျဉ်ဖြင့် ယုံကြည်ဟန်ပြု၍ အကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့ပင်) ယုံကြည်ကြပါ၏ဟု ပြောဆိုကြ၏။ ထိုသို့ပြောဆိုပြီးသည့်နောက် မိမိတို့၏(အကြီးအမှူးများဖြစ်သော) သူယုတ်များနှင့် ဆိတ်ကွယ်ရာတွင် ထည်းထည်းတွေ့ဆုံကြပြန် သောအခါ အကျွန်ုပ်တို့သည် အသင်တို့ နှင့်အတူ (တသင်းတည်းတဝါဒတည်း) ပင်ဖြစ်ကြပါ၏။ သို့သော် မုချဧကန်အကျွန်ုပ်တို့သည် (ထိုမုစ်လင်(မ်)များအား) သက်သက် ပြက်ရယ် ကျီစယ် ကရော်ကမည် ပြုသူများသာ ဖြစ်ကြပါ၏ ဟုဆိုကြပြန်ကုန်၏။
ٱللَّهُ يَسْتَهْزِئُ بِهِمْ وَيَمُدُّهُمْ فِى طُغْيَٰنِهِمْ يَعْمَهُونَ
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်) ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တဝ ထိုသူတို့ကို မိမိတို့၏ မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။
أُو۟لَٰٓئِكَ ٱلَّذِينَ ٱشْتَرَوُا۟ ٱلضَّلَٰلَةَ بِٱلْهُدَىٰ فَمَا رَبِحَت تِّجَٰرَتُهُمْ وَمَا كَانُوا۟ مُهْتَدِينَ
မှန်ကန်သော (အစ္စလာမ်) သာသနာကို ပေးလှယ်၍ မှောက်မှားသောတရားကို ဝယ်ယူကြသော အကြင်သူများမှာ ဤသူများပင်၊ ထိုသူများ သည် မိမိတို့၏ (ဤ) ရောင်းဝယ်လဲလှယ်မှု၌ အမြတ်မရရှိသည့်အပြင် တရားရသူများလည်း မဟုတ်ကြချေ။
مَثَلُهُمْ كَمَثَلِ ٱلَّذِى ٱسْتَوْقَدَ نَارًۭا فَلَمَّآ أَضَآءَتْ مَا حَوْلَهُۥ ذَهَبَ ٱللَّهُ بِنُورِهِمْ وَتَرَكَهُمْ فِى ظُلُمَٰتٍۢ لَّا يُبْصِرُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ပမာကို ဆိုရသော် လူတစ်ယောက်သည် (တခဲနက် မှောင်အတိ ကျနေသော ညဉ့်၌ လမ်းကို မြင်နိုင်ခြင်းငှာ) ဆီမီးကိုထွန်းညှိ၏။ ဆီမီးရောင်သည် ထိုသူ၏ပတ်ဝန်းကျင်ကို လင်းဝင်းစေ၏။ သို့လင်းဝင်းသည့်အခိုက် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ အလင်းရောင်ကို နုတ်သိမ်းယူသွားပြီး ထိုသူတို့အား မှောင်တိုက်တွင်းဝယ် ပစ်ပယ်ထားတော်မူရာ ထိုသူတို့သည် တစ်စုံတစ်ခုကိုမျှ မမြင်နိုင်ကြချေ။
صُمٌّۢ بُكْمٌ عُمْىٌۭ فَهُمْ لَا يَرْجِعُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသည် (အမှန်တရားကို မကြားနာလိုကြသည့်အတွက်) နားပင်းသူများလည်း မည်၏။ (ပီယဝါစာ နှစ်သက်ဖွယ်ရာဖြစ်သော စကားကို မပြောဆိုလို ကြသည့်အတွက်) ဆွံ့အ သူများလည်း မည်၏။ (အမြော်အမြင် ဆင်ခြင်တုံတရား မရှိကြသည့်အတွက်) မျက်စိကန်းများလည်း မည်၏။ ထိုကဲ့သို့သော အယောင်ဆောင်များသည် (ဤမျှတိုင် ဆွံ့အ၊ နားပင်း၊ မျက်ကန်းများ ဖြစ်ကြရာ အမှန် တရားဘက်သို့) ပြန်လှည့်ကြမည် မဟုတ်ပေ။
أَوْ كَصَيِّبٍۢ مِّنَ ٱلسَّمَآءِ فِيهِ ظُلُمَٰتٌۭ وَرَعْدٌۭ وَبَرْقٌۭ يَجْعَلُونَ أَصَٰبِعَهُمْ فِىٓ ءَاذَانِهِم مِّنَ ٱلصَّوَٰعِقِ حَذَرَ ٱلْمَوْتِ ۚ وَٱللَّهُ مُحِيطٌۢ بِٱلْكَٰفِرِينَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ ဥပမာကို တနည်းဆိုရပြန်သော် ထိုသူတို့သည် မိုးတိမ်ဝိုင်းလျက်ရှိသော သူများနှင့် တူကြ၏။ (ဖြစ်အင်ကား) ကောင်းကင်မှ မိုးသက်မုန်တိုင်းသည် သည်းထန်စွာ ရွာသွန်းလျက်ရှိ၏၊ ထိုမိုးကောင်းကင်တွင် တခဲနက်သော အမိုက်မှောင်များ လည်းဖုံးအုပ်လျက်ရှိ၏၊ (ထို မိုးသက်မုန်တိုင်းနှင့် တပါတည်း ပဲ့တင်ထပ်မျှသော) မိုးချုန်းသံလည်း ပါလာ၏။ ထိုရောအခါ မိုးကြိုးစက်သံများ၏ ပြင်းထန်လှစွာသော အသံကို ကြားရသော ထိုသူယုတ်မာတို့သည် သေရမည့်ဘေးကို စိုးရိမ်ပူပန် ကြောင့်ကြသဖြင့် မိမိတို့၏ နားပေါက်များကို လက်ချောင်းများ ဖြင့်ပိတ်ဆို့ထားကြ၏။ (အမှန်သော်ကား) အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မိစ္ဆာဒိဋ္ဌိများအား (မိမိ၏အနန္တ ဘုန်းတေဇာဖြင့်) ဝန်းရံခြုံလျက် ရှိတော်မူပြီဖြစ်ရာ မည်သူ တစ်ဦးတစ်ယောက်မျှ အရှင့်ဘုန်းတေဇာ စက်ကွင်းမှ လွတ်မြောက်၍ ထွက်ခွာသွား နိုင်မည်မဟုတ်ချေ။
يَكَادُ ٱلْبَرْقُ يَخْطَفُ أَبْصَٰرَهُمْ ۖ كُلَّمَآ أَضَآءَ لَهُم مَّشَوْا۟ فِيهِ وَإِذَآ أَظْلَمَ عَلَيْهِمْ قَامُوا۟ ۚ وَلَوْ شَآءَ ٱللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَٰرِهِمْ ۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَىْءٍۢ قَدِيرٌۭ
လျှပ်ပြက်ရောင်သည် ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စက္ခုအာရုံများကို သုတ်ယူသိမ်းဆောင် သွားလုမတတ် ဖြစ်၏။ လျှပ်ပြက်ရောင်သည် ထိုသူတို့အဖို့ (သွားရာလမ်းကို) လင်းဝင်းစေတိုင်း ထိုသူများသည်(အလင်းရောင်ကိုမှီ၍) သွားလာကြ၏။ တဖန် အလင်းရောင် ကွယ်ပျောက်၍ အမိုက်မှောင် ကျရောက်လာသောအခါ ထိုသူတို့သည် ရပ်တန့်၍ နေကြကုန်၏။ အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော် မူခဲ့ပါက မုချဧကန် ထိုသူတို့၏ သောတာရုံများနှင့် စက္ခုအာရုံများကို နုတ်သိမ်းယူသွားတော် မူချေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူထသောအရှင် ဖြစ်တော်မူသည်။
Page 1 of 15 (286 ayahs)